ပန်းနာရင်ကြပ်သမားတွေ သတိထားသင့်တဲ့ မိုးရာသီ
ရာသီဥတု အပြောင်းအလဲကြောင့် ခေါင်းခဲရတဲ့ သူတွေထဲမှာ ဘယ်သူတွေ ပါကြမယ်လို့ ထင်ပါသလဲ? ထိပ်ဆုံးမှာတော့ ပန်းနာရင်ကြပ် ရောဂါ ရှိသူတွေ ပါဝင်ကြမှာပါ ။
ပန်းနာရင်ကြပ် ရောဂါသမားတွေဟာ နာတာရှည် ရောဂါဖြစ်လို့ အစားအသောက်၊ အနေအထိုင်ကအစ အရာရာ ဂရုစိုက်ကာ ဆေးသောက်ရတဲ့သူတွေ၊ ဆေး ရှူရတဲ့သူတွေကလဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာသင့်ပါတယ်။
ဒီလိုမျိုး ဂရုစိုက်ရမယ့် အထဲကမှ ရာသီဥတု အပြောင်းအလဲပေါ် မူတည်ပြီးတော့ ရင်ကြပ်ရောဂါ ပြန်မထအောင်၊ ရင်ကြပ်အောင် လှုံ့ဆော်စေတဲ့ အသက်ရှူလမ်းကြောင်းကို ဆွစေတဲ့ အရာတွေကို မဖြစ်ခင်ထဲက ဦးစွာ ကြိုတင်ပြင်ဆင်ပြီး ရှောင်ရှားရမှာ ဖြစ်ပါတယ်။
ရောဂါသက် ကြာလာတာနဲ့အမျှ မိမိနဲ့ ဓာတ်မတည့်တာတွေကို သေချာသိရှိနေကြပြီးလဲ ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ မိုးရာသီနဲ့ ပတ်သက်ပြီး အထူးဂရုပြု နေထိုင်ရမှာတွေကို အလေးပေး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
မိုးရာသီမှာ ဘယ်အရာတွေက အသက်ရှူလမ်းကြောင်း လှုံ့ဆော်မှု၊ ဓာတ်မတည့်မှုတွေ ဖြစ်စေတာလဲ?
1. မှို
မိုးရာသီဟာ အဓိက စိုထိုင်းမှုကို ဖြစ်စေပြီးတော့ မိုးသည်းတဲ့နေ့တွေဆို စိုထိုင်းဆက ပိုများလာပါတယ်။ စိုထိုင်းမှုဟာ အရာဝတ္ထုပစ္စည်း၊ အသုံးအဆောင်တွေမှာ မှိုစွဲတာကို ပိုအားပေးပါတယ်။
2. ဝတ်မှုန်
လေရောမိုးပါ ရောလာရင် ပန်းပင်တွေက ဝတ်မှုန်တွေ လွင့်လာနိုင်ပါတယ်။ ဒါပေမယ့် မိုးရာသီရဲ့ စိုထိုင်းစများတာက ဝတ်မှုန်တွေကို ပျံ့လွင့်မနေစေဘဲ မြေကြီးပေါ်ကိုသာ ကျရောက်စေတာကြောင့် ဝတ်မှုန်ကြောင့် ဓာတ်မတည့်တာ လျော့နည်းစေမှာ ဖြစ်ပါတယ်။
3. ဖုန် နဲ့ အိမ်တွင်း ပိုးမွှားကောင်
မိုးရာသီမှာ မိုးရွာလို့ အပြင်မထွက်တော့ဘဲ အိမ်ထဲမှာပဲ ကွေးနေတဲ့နေ့တွေဆို အိမ်ထဲက ဖုန်တွေ၊ အိမ်ရာခင်း အသုံးအဆောင်တွေမှာ ကပ်တွယ်နေတတတ်တဲ့ အိမ်တွင်း ပိုးမွှားကောင်တွေကလဲ ဓာတ်မတည့်တာကို ဖြစ်စေပါတယ်။
အသက်ရှူလမ်းကြောင်း လှုံ့ဆော်မှုတွေ၊ ဓာတ်မတည့်တာတွေ နည်းသွားအောင် ဘယ်လိုလုပ်ကြမလဲ?
အိမ်အပြင်ဘက် မိုးရွာတာ မရွာတာက ပြုပြင်ပြောင်းလဲ ထိန်းချုပ်လို့မရပေမယ့် အိမ်ထဲမှာ ဖုန်တွေ၊ ပိုးမွှားတွေ မကပ်နိုင်အောင် ၊ မှိုမစွဲနိုင်အောင် ပတ်ဝန်းကျင်က အသုံးအဆောင် ပစ္စည်း၊ အိပ်ရာခင်း ၊ စောင် ၊ ခေါင်းအုံးက အစ သေချာ နေ့စဥ် သန့်ရှင်းရေး လုပ်ပေးရပါ့မယ်။
သန့်ရှင်းရေး လုပ်တဲ့ အခါမှာလဲ ဖုန်၊ပိုးမွှား၊ မှိုတွေ ရှိနေပြီးဖြစ်ပါက လွင့်ပျံမလာစေရန် နှာခေါင်းစည်းတပ်၊ လက်အိတ်ဝတ်ပြီး ခန္ဓာကိုယ်နဲ့ မထိတွေ့အောင် တတ်နိုင်သမျှ တားထားရပါမယ်။ သန့်ရှင်းရေးလုပ်ပြီးတိုင်း ကိုယ်လက် သန့်စင်ပေးပါက ပိုကောင်းပါတယ်။
အိမ်အပြင်က ဝတ်မှုန်တွေ မဝင်နိုင်အောင် တံခါးတွေပိတ်ပြီး air conditioner ဖွင့်ထားပါ။ စိုထိုင်းတာကို စိုးရိမ်တဲ့သူ ဖြစ်ပါက de-humidifier ဖွင့်ထားလို့လဲ ရပါတယ်။
အိမ်ပြင်ကို မိုးရွာထဲ မဖြစ်မနေ ထွက်ရမယ်ဆိုပါက အအေးမမိအောင် ဂရုစိုက်ကာကွယ်ပါ။ အအေးမိရာကနေ အသက်ရှူလမ်းကြောင်း ကူးစက်ခံရပါက ဓာတ်မတည့်တာ ဖြစ်နိုင်သေးတဲ့ အတွက် ဖြစ်ပါတယ်။ မိုးရွာထဲက ပြန်ရောက်ပြီဆိုပါက အဝတ်ခြောက်များ လဲလှယ်ဝတ်ဆင်ပြီးတာနဲ့ နွေးနွေးထွေးထွေးနေပြီး ပူပူနွေးနွေး အာဟာရရှိအောင် စားသုံးပါ။
အသက်ရှူလမ်းကြောင်း လှုံ့ဆော်မှုတွေ၊ ဓာတ်မတည့်တာတွေ မလွှဲမရှောင်သာ ဖြစ်လာပါက အရေးပေါ် ဆေးများ အလွယ်တကူ သောက်သုံးနိုင်ရန်၊ ရှူနိုင်ရန် ဆရာဝန်နဲ့တိုင်ပင်ပြီး ပြင်ဆင်ထားပါ။ သို့သော် ဆေးဝါးတွေ သုံးစွဲပြီးပေမယ့် သက်သာမလာဘဲ ပိုဆိုးလာတယ် ထင်ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားသင့်ပါတယ်။ သွားဖို့ကိုလဲ မိသားစုဝင်များနဲ့ ကြိုတင်တိုင်ပင် ပြင်ဆင်ထားသင့်ပါတယ်။
မိတ်ဆွေရော ပန်းနာရင်ကြပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင်မဟုတ်တောင် အနီးအနားမှာ ဝေဒနာခံစားနေရသူတွေကို ကြုံခဲ့ဖူးပါသလား ?
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်